‌ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျောက်ဖြူ မေ ၅    

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က မိုးဦးကာလ မေလ(၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Law Pressure Area)တစ်ခု ဖြစ်ပေါ်နိုင်ပြီး မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ လူမှုကွန်ရက်များတွင်လည်း မေ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် နာဂစ်ကဲ့သို့ မုန်တိုင်းကြီးများ ကျရောက်နိုင်ကြောင်း ခန့်မှန်းချက်များ ထွက်ပေါ်နေသဖြင့် မိမိတို့ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရေလွတ်ရာနေရာများကို သတ်မှတ်ရှာဖွေထားရန်၊ ရေလုပ်ငန်းလုပ်ကိုင်နေသူများကို ကြိုတင်အသိပေးထားရှိရန်၊ အရေးပေါ်ကူညီကယ်ဆယ်ရေးယာဉ်များကို စာရင်းကောက်ထားရှိရန်၊ ရေကြောင်းသတိပေးချက်များကို လူမှုကွန်ရက်များမှ အချိန်နှင့်တပြေးညီ ဖြန့်ဝေခြင်းများ ဆောင်ရွက်ရန်၊ အရေးပေါ်ဆေးကုခန်းများ ဖွင့်လှစ်ဆောင်ရွက်ပြီး စားနပ်ရိက္ခာ၊ ရေနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို အဆင်အသင့်ထားရှိရန်အတွက် သက်ဆိုင်ရာဌာနများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်း‌ကော်မတီများအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောက်ဖြူတပ်နယ် ဗျူဟာမှူးက မြို့နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက ကူညီဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် လိုအပ်သည့် ကူညီဆောင်ရွက်မှုများကို စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ မုန်တိုင်းမရောက်ခင် အသိပညာပေးလုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်လုပ်ငန်းများကို ထိထိမိမိ လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ Cyclone Shelter များတွင် ခိုလှုံနိုင်မည့် လူအင်အားများ ထားရှိမှုအခြေအနေနှင့် တိကျမည့်ပြင်ဆင်မှုများကို စနစ်တကျ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီအသီးသီးမှ တာဝန်ရှိသူများက မိမိတို့ကော်မတီအသီးသီး၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တင်ပြဆွေးနွေးကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါအစည်းအဝေးသို့ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်၊ ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီဝင်များ တက်ရောက်ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)