သံတွဲ မေ ၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် မေ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က သံတွဲမြို့နယ် မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က (၇၇)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ်မိန့်ခွန်းကို ဖတ်ကြားခဲ့သည်။ ထို့နောက် ဂုဏ်ပြုဆုများက ချီးမြှင့်ရာ အရန်မီးသတ်တပ်ဖွဲ့၏ တာဝန်ဝတ္တရားများကို စိတ်အားထက်သန်စွာဖြင့် ကျေပွန်စွာထမ်းဆောင်ခဲ့သည့် သံတွဲမြို့နယ် အရန်မီးသတ်တပ်ခွဲမှူး ဦးသောင်းအေး၊ ဝတ်စားဆင်ယင်မှု အကောင်းဆုံးဆုရ သံတွဲမြို့နယ်မီးသတ်စခန်းမှ တပ်ကြပ်ကြီးကိုကိုနိုင်နှင့် လုပ်ငန်း စွမ်းဆောင်ရည်ဆု ရရှိသူ တပ်ကြပ်ကြီး စိုင်းကျော်စိုးထွန်းတို့ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်မီးသတ် ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကီးထန်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်တို့က ဂုဏ်ပြုဆုများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် အရေးပေါ် မီးငြိမ်းသတ်ရေး နည်းစနစ်များ သရုပ်ပြခြင်းနှင့် ခင်းကျင်းပြသထားသည့် မီးငြိမ်းသတ်ပစ္စည်း ကိရိယာများနှင့် ရှာဖွေကယ်ဆယ်ရေးသုံး မီးငြိမ်းသတ်ပစ္စည်း ကိရိယာများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)