ကျောက်တော် မေ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ (၁၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မေလ(၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း(Law Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Law Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ကာ မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိနိုင်၍ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကြောင့် မိမိတို့မြို့တွင် သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများ၊ လူမှုရေးအဖွဲ့များအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူသို့ အချိန်မီ အသိပေးပြန်ကြားနိုင်ရန် လိုအပ်ကြောင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့သည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာညွန့်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခင်မောင်ထွန်း