စစ်တွေ မေ ၅
(၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ က (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် ဧည့်ပရိသတ်များက ခန်းမအတွင်း ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ် ရေးပစ္စည်းများ၊ မီးသတ်တပ်ဖွဲ့၏ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြ သည်။
ဆက်လက်၍ ခိုင်သဇင်ပန်းခြံ၌ မီးသတ်တပ်ဖွဲ့ဝင်များက အိမ်တွင်းမီးဘေးလုံခြုံရေး အသိပညာပေးအနေဖြင့် Gas အိုး၊ ဆီဒယ်အိုးများ မီးလောင်မှုအား မီးငြိမ်းသတ်မှု၊ မီးသတ်ဆေးဗူး အသုံးပြု၍ မီးငြိမ်းသတ်ရေး သရုပ်ပြသမှု၊ ယာဉ်မတော်တဆမှုတွင် ပိတ်မိနေသော လူနာအား ရှာဖွေ ကယ်ဆယ်ရေးသုံး ကိရိယာများ အသုံးပြု၍ ကယ်ဆယ်ခြင်း၊ ဆီဘောက်ဆာယာဉ် မီးလောင်မှုအား မီးငြိမ်းသတ်ယာဉ်နှင့် Leader Max ခေါ် အမြုပ်လုပ်ပိုက်ခေါင်းအသုံးပြု၍ မီးငြိမ်းသတ်မှုတို့ကို သရုပ်ပြသကြသည်။
ယင်းနောက် တိုင်းမှူးက မီးသတ်တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)