ပေါက်တောမြို့တွင် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်

ပေါက်တော မေ ၅

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း၌ မေလ(၇)ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်း (Law Pressure Area) တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ကာ မေ(၈)ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ အားကောင်းလာနိုင်သော အခြေအနေများကြောင့် မိမိတို့မြို့နယ်အနေဖြင့် မုန်တိုင်းအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအလိုက် ဖွဲ့စည်းထားသော လုပ်ငန်း‌ကော်မတီများအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် မုန်တိုင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ပြည်သူများသို့ အချိန်နှင့်တစ်ပြေးညီ အသိပေးပြန်ကြားနိုင်ရေးတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း ရေအခက်အခဲရှိရာ နေရာများကို ရေရရှိရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များ၊  နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာ အသီးသီးမှ ချေးငွေလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ၊ လက်ရှိဆောင်ရွက်လျက်ရှိသော တစ်လမ်းမောင်းစနစ် ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဌာနဆိုင်ရာများနှင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Doses ထိုးနှံရေးကိစ္စရပ်များ၊  ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာန လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပေးကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)