တာလေ မေ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံ လက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်ပေါင်း (၁၀၀)ကို သယ်ဆောင်၍ မြို့စိုက်ပျိုးရေးဉီးစီးဌာနရုံး၊ မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဉီးစီးဌာနရုံးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာလေမြို့ရုံးရှိ ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းနှင့် စာကြည့်တိုက်အသင်းဝင်အဖြစ် လက်ခံစာရင်းသွင်းခြင်းတို့ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ တာလေမြို့ရုံးအနေဖြင့် လူငယ်၊ လူရွယ်များ၊ စာပေဝါသနာရှင်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အမှား၊ အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် စာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက် ငှားရမ်းဖတ်ရှုနိုင်ခြင်းမရှိသည့် စာဖတ်ပရိသတ်များ အဆင်ပြေစွာ ငှားရမ်းဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ အပတ်စဉ် ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)