ပုဏ္ဏားကျွန်း မေ ၅
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းစေရန် ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ အိုမီခရွန်မျိုးကွဲသစ်(XBB.1.16)ကူးစက်ဖြစ်ပွားမှုနှုန်းကို လျော့ချနိုင်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများကို စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ် အဖြစ် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် အညီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့သည်။
ယမန်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ် ထိုးနှံသူ ၂၃၄ ဦးနှင့်ပိုးရွှီပြင်တိုက်နယ်ပြည်သူ့ဆေးရုံတွင် ၄၈ ဦး လာရောက်ထိုးနှံခဲ့ပြီး၊ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)