တောင်ကုတ် မေ ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၃)နာရီခွဲအချိန်က မြို့နယ်ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း၌ မေလ(၇)ရက်နေ့တွင် လေဖိ အားနည်းရပ်ဝန်း(Law Pressure Area)တစ်ခုဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Law Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ကာ မေ(၈) ရက်နေ့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ရောက်ရောက်ရှိနိုင်၍ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကြောင့် မိမိတို့မြို့တွင်သဘာဝဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအလိုက် ဖွဲ့စည်းထားသောလုပ်ငန်းကော်မတီများအနေဖြင့် စုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့်မုန်တိုင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကိုပြည်သူသို့ အချိန်မီ အသိပေးပြန်ကြားနိုင်ရေးတို့ကိုဆောင်ရွက်ရန်လို အပ်ကြောင်းဆွေးနွေးပါသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက မြို့နယ်အတွင်းရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်သည့် ပင်လယ်ကမ်းခြေကျေးရွာများတွင် ကြိုတင်ဆောင်ရွက်မည့်အခြေအနေများ၊ Cyclone Shelter ထားရှိမှုအခြေအနေ၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန်ဖွဲ့စည်း ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုအပ်သည်များကို ထပ်မံဆွေးနွေး သည်။
အဆိုပါအစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်