မာန်အောင်မြို့၌ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဥပုသ်သီလဆောက်တည်သူများ၊ ညောင်ရေသွန်းလောင်းသူများ ကုသိုလ်ကောင်းမှု ပြုလုပ်သူများဖြင့် စည်ကား

မာန်အောင် မေ   ၄

ရခိုင်ပြည်နယ်မာန်အောင်မြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)မန်နေ့နံနက်ပိုင်းတွင် ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများတွင် ဥပုသ်သီလဆောက်တည်သူများ၊ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်သူများ၊ ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်သူများ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မြို့နယ်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက ဓာတ်တော်စေတီတော်အနီးရှိ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြပြီး သန့်ရှင်းရေး ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြသည်။

အလားတူ ညနေပိုင်းတွင်လည်း မြို့ပေါ်ရပ်ကွက်ရှိပြည်သူများက မြို့မရပ်ကွက်ရှိ မဟာထီးဘုရား၊ ရန်အောင်မြင်ရပ်ကွက်ရှိ ဓာတ်တော်စေတီတော်နှင့် ရန်အောင်မြင်စေတီတော်၊ အနောက်စုရပ်ကွက်ရှိ လေးဆူမြတ်ရှင်သီရိကျက်သရေမာရ်အောင်မြင် စေတီတော်ဝင်းအတွင်းရှိ မဟာဗောဓိညောင်ပင်များအား မြန်မာ့ဓလေ့ ရိုးရာအစဉ်အလာများနှင့်အညီ ရိုးရာမပျက် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြရာ မိမိအစီအစဥ်ဖြင့်လည်းကောင်း၊ မိသားစု၊ အပေါင်းအသင်း၊ အဖွဲ့လိုက်လည်းကောင်း ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြပြီး ညောင်ရေသွန်းလောင်းသူများက စေတနာရှင်၊ အလှူရှင်များက စတုဒိတာအလှူများ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)