ဘူးသီးတောင် မေ ၄
ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်(ဗုဒ္ဓနေ့) အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယမန်နေ့ညနေ (၅) နာရီ (၄၅) မိနစ်ခန့်က ဘူးသီးတောင်မြို့ အေးစေတီကျောင်းဝင်းအတွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့လုံးကျွတ်စု ပေါင်းညောင်ရေသွန်းပွဲတော် ကျင်းပခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ဘူးသီးတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဝတ်ရွတ်အသင်းအဖွဲ့များက အေးစေတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသောမထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီးဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ နဝကံမအလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဝါရိန္ဒထံမှ အနုမောဒနာနှင့် ရေစက်သွန်းချ တရားချီးမြှင့်တော်မူ၍ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
ပြီးနောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မဟာဗောဓိညောင်ပင်အား အမွှေးနံ့သာရည်များဖြင့် သွန်းလောင်းပူဇော်ခဲ့ကြကာ ညောင်ရေသွန်းလောင်းပူဇော်နေစဉ်အတွင်း ဝတ်ရွတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်းသိရသည်။
လှကျော် (ပြန်/ဆက်)