မာန်အောင် မေ ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒ၏ သြဝါဒကိုခံယူ၍ သျှင်သံဝရနှင့် တပည့်/ဒါယကာများ တည်ထားကိုးကွယ်မည့် ဉာဏ်တော်အမြင့်(၉)ပေရှိ ဘုရားပွင့်ရာ ဗုဒ္ဓဂယာမှ ထိုင်တော်မူဘုရားပုံတူ ရုပ်ပွားဆင်းတုတော် တည်ထားကိုးကွယ်နိုင်ရန် ပန္နက်တော်တင် အုတ်မြစ်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီက အဆိုပါ ကျောင်းတိုက်ဝင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး မင်္ဂလာ အချိန်အခါကျရောက်သည်နှင့်တပြိုင်နက် ကုန်းခင်ကျေးရွာ မဟာဓမ္မိကာရာမကျောင်း ဆရာတော်ဘဒ္ဒန္တပညိန္ဒကြီးမှူးသောသံဃာတော်(၉)ပါးက “ဇယန္တောဗောဓိယာမူလေ” အောင်ဂါထာတော်ကို ရွတ်ဆိုကြပြီး အလှူရှင်များက ရတနာရွှေအုတ် ငွေအုတ်များဖြင့်အုတ်မြစ်ချပူဇော်ကြပြီး အမွှေးနံ့သာရည်ပက်ဖျန်းပူဇော်ခဲ့ကြသည်။
ထို့နောက် ပင့်ဖိတ်သံဃာတော်များအား ဆွမ်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းကြပြီး ဧည့်ပရိသတ်များအား ဆွမ်းဘောဇဥ် အာဟာရများဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြောင်းသိရသည်။
သိန်းဖေ(ပြန်/ဆက်)