စစ်တွေ မေ ၄
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၃)ကို ယနေ့နံနက်ပိုင်းက ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာအခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နှင့် အမ်းခရိုင် တို့မှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက Videoconference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးက ရခိုင်ပြည်နယ်သည် ကမ်းရိုးတန်းဒေသဖြစ်သဖြင့် နှစ်စဉ်ရေကြီး၊ရေလျှံမှုများ၊ မုန်တိုင်းအန္တရာယ်များ ကျရောက်နိုင်ကြောင်း၊ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် မေလ ၇ ရက်နေ့တွင် လေဖိ အားနည်းရပ်ဝန်း (Low Pressure Area) ၁ ခု ဖြစ်ပေါ်နိုင်ပြီး အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ပိုမိုအားကောင်းလာနိုင်ကာ မေလ ၈ ရက်နေ့တွင် မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်၍ ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာနိုင်ဖွယ်ရှိသည့်အခြေအနေများကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ကို အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနအလိုက်ဖွဲ့စည်းထားသော လုပ်ငန်းကော်မတီများအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မိမိတို့လုပ်ငန်းကဏ္ဍအလိုက် ဟန်ချက်ညီစွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အများပြည်သူသို့ အချိန်မီ အသိပေးပြန်ကြားနိုင်ရေး၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်အလက်များကိုလည်း စဉ်ဆက်မပြတ်အသိပညာပေးဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ရခိုင်ပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းကော်မတီများနှင့် Command Post များဖွဲ့စည်းထားရှိမှု အခြေအနေများအား လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေဝင်ရောက်နိုင်မှု အခြေအနေ များအားလည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မုန်တိုင်းအန္တရာယ်ကျရောက်ပါက ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် ယာယီခိုလှုံနေထိုင် နိုင်ရန် Cyclone Shutter အဆောက်အဦများ၊ မြို့နယ်အသီးသီးတွင် ယာယီခိုလှုံနေထိုင်နိုင်ရန် ပြင်ဆင်ဆောင် ရွက်ထားရှိသော ကူညီကယ်ဆယ်ရေးစခန်းများ၏ အခြေအနေများ၊ လတ်တလော စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ထောက်ပံ့ပေးအပ်ရန် စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်း ၁၇ မျိုး အသင့်ပြင်ဆင် သိုလှောင် ထားရှိမှုအခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အများပြည်သူများ သိရှိလိုက်နာနိုင်စေရန်အတွက်ဌာနအလိုက် တာဝန်ရှိသူများက မြို့နယ်အသီးသီးတွင် ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ၍ အသိပညာပေး ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် လုပ်ငန်းကော်မတီအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ကွပ်ကဲမှုအောက် တပ်နယ်အလိုက်ပြင်ဆင်စုဖွဲ့ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြရာ တိုင်းမှူးက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)