မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ၌ သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်၊ လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြောက်ဦး   မေ  ၄

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့အတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် ယဉ်ကျေးမှုနယ်မြေအတွင်းရှိ အထင်ကရစေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကန်၊အံတော်သိမ်လေးမျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော် ယမန်နေ့ နံနက်ပိုင်းမှစတင်၍  ပြည်တွင်း၊ ပြည်ပခရီးသွားများနှင့် အထူးစည်ကားလျက်ရှိသည်။

အဆိုပါ ပွဲတော်၌ ရခိုင်ရိုးရာ ကျင်ပွဲများဖြစ်သော ပထမတန်း၊ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းများနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ကျင်ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲတွင်လည်း ၁၂ လံ၊ ၈ လံ ၊ ၆လံ ဖြင့် အမြို့အနယ်နယ် မှ ပြိုင်လောင်း(လှေလှော်) ဝါသနာရှင်များ ဝင်ရောက်ယဉ်ပြိုင်လျက်ရှိသည်။

ထို့နောက် ဗုဒ္ဓ ပူဇနိယပွဲတော်အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို အောင်တပ် ချောင်းအတွင်း၌ ငါးသားပေါက်အကောင် (၉၅၀) ကို သက်ဆိုင်ရာတာဝန်ရှိသူများက ငါးများအား ဇီဝိတဒါနအဖြစ် သဘာဝရေပြင်သို့ လွှတ်ပေးခဲ့ကြသည်။

ပွဲတော်အတွင်း၌ ကဆုန်လပြည့်နေ့ရောက်တိုင်း နှစ်စဉ်အစဉ်အလာမပျက် ကျင်းပပြုလုပ်သည့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကိုလည်း ရန်အောင်ဇေယျ(ခေါ်) သျှစ်သောင်းဘုရားရှိ မဟာဗော ဓိပင်ခြေရင်းတွင် ရခိုင်ထုံးတမ်းစဉ်လာအရ ရှေးမူမပျက် ရခိုင်ရိုးရာဝတ်စားဆင်မှုဖြစ်သော ဓညဝတီခေတ်၊ဝေသာလီခေတ်၊လေးမြို့ခေတ်နှင့် မြောက်ဦးခေတ်ဝတ်စားဆင်ယင်ပုံများနှင့် မြို့လုံး ကျွတ် မြို့တစ်ပတ်လည့်လည်စီတန်း၍ လက်ယာရစ်လှည့်ပတ်ပူဇော်ကန်တော့ကာ ဘုရားညောင် ရေများသွန်းလောင်းပူဇော်ကြသည်။

သျှစ်သောင်း၊ထုက္ကန်၊အံတော်သိမ်လေး မျက်နှာဘုရားများ၏ (၉၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ဘူးသီးတောင်၊ မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြားစသော မြို့နယ်များမှ  ရေပေါ်သင်္ကြန်ပွဲတော်သို့ ပြည်သူများမှ စက်လှေများငှားရမ်း၍ ရေပက်ခံကစားကြပြီး  ရေပေါ်စတိတ်ရှိုးတွင်လည်း ရခိုင်ပြည်အတွင်းမှ အဆိုတော်များ လာရောက်သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားလျက်ရှိပြီး ဘုရားပွဲတော်ကို မေ လ ၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ အထူးစည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)