ကျောက်ဖြူ မေ ၄
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ ဆရာတော်ကြီးအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်၊ နဂါးကျောင်း ပရိယတ္တိစာ သင်တိုက်ရှိ သီရီသုခရတနာဓမ္မာရုံတွင် ပြုလုပ်သည်။
ဦးစွာ အခမ်းအနားကို “နမော တဿ” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နဂါးကျောင်း ပရိယတ္တိစာသင်တိုက်ဦးစီးပဓာန နာယက ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ လေးတောင်မြို့၊ ဇရပ်ပြင်ကျောင်းဆရာတော်က ဩဝါဒစကား မိန့်ကြားပြီး သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်ကြ သည်။ ယင်းနောက် နဂါးကျောင်း ပရိယတ္တိစာသင်တိုက်မှ စာချဆရာတော် ဦးစန္ဒာဝရက ဘဒ္ဒန္တ စက္ကိန္ဒာဘိဝံသ၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားလျှောက်ထားပြီး အရှင်ဇနက (မန္တလေးစာသင်တိုက်)က သိမ်တောင်ပရိယတ္တိစာသင်တိုက်မှ ဘဒ္ဒန္တကေသရိန္ဒ ရေးသားသည့် ဂုဏပူဇာဂါထာဖြင့် ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တအရိန္ဒမဥာဏ ရေးစပ်သီကုံး ပူဇော်သည့် မင်္ဂလာရတာပိုဒ်စုံအား နိုင်ငံတော် ရွှေတံဆိပ်ဆုများရှင် ဦးဇော်နေညွန့်က ချီးကျူးဂုဏ်ပြုပူဇော်ပြီး ၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်အား ထပ်ဆင့်၍ ကျောက်ဖြူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ လည်းကောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထပ်ဆင့်ချီးမြှင့်ဂုဏ်ပြုလွှာအား နဂါးကျောင်း ပရိယတ္တိစာသင်တိုက် နာယက ဦးခင်ရွှေက လည်းကောင်း ဆက်ကပ်လှူဒါန်းကြပြီး ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသထံမှ လှူဒါန်းမှူ အစုစုတို့အား ရေစက်သွန်းလောင်းအမျှပေးဝေကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားကို ကျောက်ဖြူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၏ တပည့် ဒါယကာ၊ ဒါယိကာမများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးဝေလင်း