ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပ

စစ်တွေ မေ  ၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်များအား ညောင်ရေသွန်းလောင်းပူဇော်ပွဲကို ယနေ့ကဆုန်လပြည့်(ဗုဒ္ဓနေ့) နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ အခမ်းအနား ပထမပိုင်းကို စေတီတော်မြတ်ကြီးလိုဏ်ဂူအတွင်း၌ ကျင်းပရာ ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များ က ငါးပါးသီလခံယူဆောက်တည်ကြပြီး ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။ ဆက်လက်၍ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများဆက် ကပ်လှူဒါန်းကြပြီး ပြည်နယ် ဩဝါဒါ စရိယ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဆရာတော် ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ရေစက်ချတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အခမ်းအနား ဒုတိယပိုင်းတွင် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အဖွဲ့များ၊ ဘာသာရေးအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများသည် လောကာနန္ဒာစေတီတော် မြတ်ကြီးအား လက်ယာရစ်တစ်ပတ်လှည့်လည် ပူဇော်ကာ ညောင်ရေသွန်းလောင်းမည့် စေတီတော်ပရဝုဏ် အရှေ့မြောက်ထောင့်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များသို့ သွားရောက်ကြသည်။ ထို့နောက် ရခိုင်မင်္ဂလာ စည်တော်အဖွဲ့က ရတနာသုံးပါး ဂုဏ်တော်ကို တီးခတ်ပူဇော်ပြီး ပြည်နယ်သာသနာရေးမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဆိုကာ ကြွရောက်တော်မူကြသော သံဃာတော် အရှင်သူမြတ်များက ဦးဆောင်ကာ မဟာဗောဓိညောင်ပင်တော်များအား ကဆုန်ညောင်ရေသွန်း လောင်းပူဇော်၍ အမွှေးနံ့သာရည်များပက်ဖျန်း ပူဇော်ကြသည်။

အလားတူ အနောက်ပိုင်းတိုင်း၊ စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အဖွဲ့များ၊ ရခိုင်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများကလည်း မဟာဗောဓိညောင်ပင်တော်များအား ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)