စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ (၇၇) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စုပေါင်းသွေးလှူဒါန်း

စစ်တွေ  မေ ၂

(၇၇) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ  ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌  ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသူ လူနာများအား သွေးလိုအပ်မှု မရှိစေရေးအတွက် စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံကြီး၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သွေးလှူရှင်  တက်ရောက်ကြသည်။

ရှေးဦးစွာ ကျန်းမာရေးဝန်ထမ်းများက စုပေါင်းသွေးလှူရှင် ၁၂၅ ဦးအား သွေးလှူဒါန်းနိုင်ရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သွေးအမျိုးစား ခွဲခြားခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။

ထို့သို့ စုပေါင်းသွေးလှူဒါန်းနေမှုကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး သွေးလှူရှင်များ အတွက် အာဟာရ ဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)