မောင်တော မေ ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၃ခုနှစ်၊ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များက မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးဆောင်၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် မိသားစုဝင်များ စုစုပေါင်းအင်အား ၈၀ ခန့်က မြို့ဦးရွှေစည်း ခုံစေတီတော်ကြီးတွင် ဘုရားဖူး ပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမျှော်နိုင်ရေးအတွက် စေတီအနီးအနားရှိ အမှိုက်သရိုက်များကောက်ယူခြင်း၊ မြက်ပင်၊ ပေါင်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ စေတီတော် ရင်ပြင်အနီး တံမြက်စည်းလှဲခြင်း၊ ဘုရားပရဝဏ်အတွင်း/အပြင် များတွင်သန့်ရှင်းရေးပြုလုပ်ခြင်း၊ စေတီတော်အနီးရှိ သုံးရေကန်အား ရေဆေးကြောခြင်း၊ ရေကန်အထဲရှိ အမှိုက်များ အားရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်