မောင်တော မေ ၂
ရခိုင်ပြည်နယ် မောင်တောမြို့၌ မေလ (၅)ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် စိန်ရတု အထိမ်းအမှတ် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို ယနေ့ ညနေ ၄ နာရီအချိန်ခန့်က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် စိုက်ထူခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးသန့်ဇင်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းရွှေခိုင်တို့ ဦးစီး၍ ခရိုင်/မြို့နယ် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး ဗီနိုင်း၊ပိုစတာများ စိုက်ထူပြီး တာဝန်ရှိသူများက အောင်သပြေခက်နှင့် ရေစင်များ ပတ်ဖျန်းခဲ့ကြသည်။ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ဘုရား ၊စေတီ ၊ပုထိုးများတွင်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)