ရခိုင်ပြည်နယ် မောင်တောမြို့၌  ဒုတိယအကြိမ်မြောက် သက်အမျိုးသားနေ့ ကျင်းပ

မောင်တော မေ ၂

ရခိုင်ပြည်နယ် မောင်တောမြို့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော သက်တိုင်းရင်းသားတစ်မျိုးလုံး၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ထားသည့်  သက်အမျိုးသားနေ့ကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီအချိန် ၄ မိုင်ရပ်ကွက် ၊ မကျည်းကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားကို   သက်တိုင်းရင်းသား ရိုးရာတေးသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး  ရခိုင်ပြည် နယ် အစိုးရအဖွဲ့ကိုယ်စား တိုင်းရင်းသားရေးရာဝန်ကြီး၏ ပေးပို့သော သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က ဖတ်ကြားခဲ့ပြီး မေယုသင်္ဃာနာယက အဖွဲ့ကိုယ်စား သင်္ဃာတစ်ပါးက ဩဝါဒစကား မိန့်ကြားခဲ့သည်။ထို့နောက် သက်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဘဦးက သက်အမျိုးသားနေ့ ရည်ရွယ်ချက်နှင့် သက်အမျိုးသား နေ့ဖြစ်ပေါ်လာပုံအား ပြောကြားပြီး သက်စာပေကဏ္ဍ၏ လှုပ်ရှားမှုအဆင့်ဆင့် ပကတိအခြေအနေကို စာပေတာဝန်ခံ ဦးဦးကျော်လှက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သက်အမျိုးသားနေ့ ကျင်းပနိုင်ရေးအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေ ကျပ်သိန်း ၆၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ထောက်ပံ့ပေးအပ်ပြီး အလှူရှင်အသီးသီးမှ လှူဒါန်းထောက်ပံ့ငွေများအား တာဝန်ရှိသူများထံ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ရခိုင်ရိုးရာယဉ်ကျေးမှုယိမ်း ၊ ဒိုင်းနက်(သက္ကမ)ယဉ်ကျေးမှုအဖွဲ့နှင့် သက်ရိုးရာယဉ်ကျေးမှုအဖွဲ့တို့က တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး သက်ရိုးရာ အသုံးအဆောင်ပစ္စည်းများအား ပြခန်းအတွင်း ပြသထားရှိပြီး အခမ်းအနား တက်ရောက်လာသူ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကံထွန်းအောင်၊ ဆရာတော် ၊သံဃာတော်များ၊ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုဝင်များ  ၊ ပြည်သူများ အင်အား ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည် ။

သက်လွင်စိုး (ပြန်/ဆက်)