ရခိုင်ပြည်နယ်၊ အမ်းမြို အ.ထ.က (၁) ကျောင်းဝန်း၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း တွဲဖက်ဖွင့်လှစ်မည့် အခြေအနေများနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

အမ်း မေ ၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အ.ထ.က(၁)ကျောင်းဝန်းအတွင်းတွင် တွဲဖက်ဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(အမ်း)၌ ဖွင့်လှစ်သင်ကြားပေးမည့် စက်မှုဘာသာရပ်များ၊ သင်ကြားမှု အစီအစဥ်များ၊ ထောက်ပံ့ပေးအပ်မည့် အစီအစဥ်များနှင့် GTHS အောင်မြင်သူများအတွက် ဆက် လက်တက်ရောက်နိုင်မည့် အခွင့်အလမ်းများနှင့် စပ်လျဥ်း၍ ရှင်းလင်းဆွေးနွေးပွဲကို မေလ(၁) ရက်နေ့ နေ့လယ်ပိုင်းတွင် အမ်းမြို့ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး၏ လမ်းညွှန်ချက်အရ သိပ္ပံနှင့် နည်းပညာ၀န်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်မှ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် စက်မှုနည်းပညာ ဘာသာရပ်များနှင့် ဖွင့်လှစ်သင်ကြားမည့် အစီအစဉ်များအား ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကာ တက်ရာက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာ၀န်ရှိသူများ၊ ခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးများ၊ မြို့မိ မြို့ဖများ၊ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းကော်မတီ၀င်များ၊ မိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဆရာဆရာမများ၊ မိဘများ ကျောင်းသားကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အ.ထ.က(၁)ကျောင်းဝန်းအတွင်း၌ အတွင်းဆောက်လုပ်ထားသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း  ကျောင်းဆောင်သစ်အား သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနညွှန် ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင်နှင့်တာ ဝန်ရှိသူများက လှည်လည်ကြည့်ရူခဲ့ကြကြောင်း သတင်းသည်။

မြို့နယ် (ပြန်/ဆက်)