မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေးနှိုးဆော်

မာန်အောင် မေ  ၁

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးကိုစနစ်တကျသုံးစွဲရေး အသိပညာပေး နှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၅ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ  လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စိုးမိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား နွေရာသီအပူချိန် အလွန်ပြင်းထန်လာသဖြင့်   မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊  လျှပ်စစ်မီးဖို၊ ထင်းမီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများကို စနစ်တကျသုံးစွဲပြီး ညအိပ်ချိန်တွင်  ငြှိမ်းသတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ဆောင်ရွက် ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရန်စသည့် အသိပညာပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ် မကျရောက်စေရန် ပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းကို အပတ်စဥ်တနင်္ဂနွေနေ့ တိုင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှသိရသည်။

သိန်းဖေ(ပြန်/ဆက်)