မာန်အောင် မေ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်၈နာရီက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံ လမ်းခွနှင့် လူစည်ကားရာ နေရာများတွင် Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစာင့်ရှောက်ရေး အသင်းဝင်များနှင့် တာဝန်ရှိသူများက လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာဖြစ်သော စျေးအတွင်း စျေးရောင်း၊စျေးဝယ်သူများ၊ လမ်းသွားလမ်းလာသူများအား ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်းMaskကိုစနစ်တကျ တပ်ဆင်သွားလာရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် ထိုးနှံရေး ထပ်ဆောင်းကာကွယ်ဆေးများကို ဆက်လက် ထိုးနှံရေး တို့ကို အသိပညာပေး ပြောကြားပြီး Mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)