ပုဏ္ဏားကျွန်း မေ ၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ဦးရာဇ်တော်ဘုရား၏ ဓာတ်လှေကားအနီးတွင် ထားရှိသည် အလျား ၆ လံ၊ အလံ ၂ တောင်ရှိသည့် ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီးအား ရေချမင်္ဂလာပွဲကို ရခိုင်ရိုးရာတီးဝိုင်းများဖြင့် ပြိုင်လောင်း(လှေ)ဝါသနာရှင်များ တစ်စုကြီးမှူးပြီး ယမန်နေ့ နံနက် ၉ နာရီက ဦးရာဇ်တော် ဘုရားတောင်ခြေရင်း ကင်းချောင်းရေပြင်၌ ပြုလုပ်ခဲ့သည်။
ရေချမင်္ဂလာပွဲတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရခိုင်ရိုးရာပြိုင်လောင်း(လှေ)နှစ်စီး၏ ရေချမင်္ဂလာပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ညနေပိုင်းတွင် ဦးရာဇ်တောင်ခြေရင်း ကင်းချောင်းရေပြင်တွင် ရခိုင်ရိုးရာတီးဝိုင်းများနှင့်အတူ လှေလှော်အဖွဲ့(၆)ဖွဲ့တို့က ရခိုင်ရိုးရာ ပြိုင်လောင်း(လှေ)နှစ်စီးဖြင့် မိဘ ပြည်သူများကို အစမ်းမိတ်ဆက် လှော်ခတ်ပြသခဲ့ပြီး မိဘပြည်သူများ တစ်ပါးတစ်ပါးနဲ့ လာရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါပြိုင်လောင်း(လှေ)မှာ ပုဏ္ဏားကျွန်းမြို့၊ မြို့သစ်ရပ်ကွက်မှ ဒေါ်မအေး၏ ဖခင်ဖြစ်သူက ရခိုင်ရိုးရာပြိုင်လောင်း(လှေ)ကို မျိုးဆက်သစ်လူငယ်များ လက်ဆက်ကမ်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ကျေးရွာနှင့် သာစည်ကျေးရွာတို့က ၂၀၂၀ ခုနှစ်က မတည်ငွေကျပ်(၁၀)သိန်းဖြင့် ဝယ်ယူထားခြင်းဖြစ်ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)