မောင်တော ဧပြီ ၃၀
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မြို့နယ်အတွင်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာ ကြည့်ရှုစစ်ဆေးခြင်းနှင့် ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ မရောင်းချစေရန်အတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာနုကေသီစံ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မောင်တောမြို့၊ ရွှေဇား ကပ္ပကောင်းကျေးရွာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအစီအစဉ်ဖြင့် ကျေးလက် ဆေးပေးခန်း ဆောက်လုပ်နိုင်ရေး လျာထားမြေနေရာများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်ရေးလမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် Hemas Mandalar Pharmaceuticals Ltd,၏ တရားဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးဖြစ်သည့် Crestor 10 mg Table (Rosuvastatin 10 mg) (2507AA5687) နှင့် ပုံစံတူ တရားမဝင်ဆေးဝါးများအား မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ရောင်းချနေမှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီး တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ကာလ ကျော်လွန်နေသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး၊ အနောက်တိုင်းဆေး ရောနှောပြီး မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ မရောင်းချစေရန် ကွင်းဆင်း စစ်ဆေးခဲ့ကြကာ ဆေးဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)