စစ်တွေ ဧပြီ ၂၉
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခြံဝန်းအတွင်း အသစ်ဆောက်လုပ်နေသည့် အဆောက်အအုံသစ်များအား လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ၌ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ကျောင်းခြံဝန်း သန့်ရှင်းသာယာလှပရေးတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အဆိုပါ စစ်တွေမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းခြံဝန်းအတွင်း မြက်ပင်များ၊ ပေါင်ပင်များ၊ ချုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်းများကို ဆောင်ရွက်ကြသည်။ အလားတူ စည်ပင်သာယာ ရေးအဖွဲ့ကလည်း စွန့်ပစ်အမှိုက်များကို သိမ်းဆည်းပြီး အမှိုက်သိမ်းကားဖြင့် သိမ်းယူကာ သတ်မှတ်နေရာတွင် စနစ်တကျ စွန့်ပစ်ကြောင်းသိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှည့်လည် ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)