မောင်တော ဧပြီ ၂၉
ရခိုင်ပြည်နယ်၊မောင်တောမြို့၌ အပူဒဏ်အန္တရာယ်နှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက အသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနုကေသီစံက အပူဒဏ်အန္တရာယ်နှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေး ဟောပြောရာတွင် ယခုအခါ ရာသီဉတုပြောင်းလဲမှုကြောင့် အလွန်ပူပြင်းလာခြင်း၊ အပူဓာတ်ကြောင့် ခန္ဓာတွင် ရေဓာတ်နှင့် ဆားဓာတ်ကုန်ခမ်းခြင်း၊ ရာသီဉတုပူပြင်းမှုကြောင့် ခန္ဓာကိုယ်တွင် ရှေးပြေးလက္ခဏာများ ဖြစ်ပေါ်မှုများ၊ နေပူထဲ မဖြစ်မနေသွားလာလိုလျှင် အကာအကွယ်ဖြင့် သွားလာကြရန်၊ မတော်တဆ သတိလစ် ခြင်းများဖြစ်ပေါ်လာပါက ရှေးဦးပြုစုနည်းဖြင့် စောလျှင်စွာကုသပြီး နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ကြရန် လိုအပ်ကြောင်းနှင့် ရင်သားကင်ဆာအကြောင်း အသိပညာပေးဆွေးနွေးရာတွင် ရင်သားကင်ဆာဖြစ်ပေါ်မှုအခြေအနေ၊ ကနဦး ဆန်းစစ်နိုင်သည့် လက္ခဏာများ၊ ရင်သားကင်ဆာဖြစ်ပွားတတ်သည့် အသက်အရွယ်များ၊ ရောဂါဖြစ်နေသည်ဟု သံသယရှိပါက ဆေးရုံတွင် အမြန်ဆုံးပြသကာ ဆေးဝါးကုသမှုခံယူကြရန်လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ ဆက်)