ပေါက်တော ဧပြီ ၂၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်းရှိ ယာဉ်ကြောကျပ်တည်းမှုများကို ဖြေရှင်နိုင်ရန် ယာဉ်အသုံးပြုသွားလာနေသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ စိတ်ချမ်းမြေ့စွာ သွားလာနိုင်စေရန်နှင့် လူပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေးအတွက် မြို့နယ်တစ်လမ်း မောင်းစနစ်ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းက ပေါက်တောမြို့ရှိ မြို့နယ်စည်ပင်သာယာရေးဈေးကြီးအဝင်လမ်း၊ ဗိုလ်ချင်းပျံလမ်း၊ ရွှေပန်းထိမ်လမ်း၊ ဗိုလ်ချင်းပျံလမ်းသွယ်၊ အဏ္ဏဝါသီရိလမ်း၊ ပြန်/ဆက်ရုံးကြားလမ်းနှင့် စောပြည့်ညိုလမ်းတို့ကို တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။
ထို့ပြင် ပြည်သူများကို အသိပညာပေးလုပ်ငန်းများအား သတ်မှတ်ကာလတစ်ခုအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက လိုက်နာမှုမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင် စေမည့်လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊အဆိုပါလမ်းများတွင် စည်းကမ်းမဲ့ယာဉ်များ မောင်နှင်းခြင်းကြောင့် မလိုလားအပ်သည့် ပြဿနာများမဖြစ်ပေါက်စေရေးအတွက် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်တစ်လမ်းမောင်း စနစ်ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သိရသည်။
အဆိုပါ တစ်လမ်းမောင်းစနစ်အဖြစ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်မှုကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)