မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒအား ရွေးချယ်

မာန်အောင် ဧပြီ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီး ကျောင်းထိုင် ဆရာတော်အဖြစ် ရွေးချယ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ မြို့မကျောင်းကြီး၌ ကျင်းပခဲ့သည်။

ရှေ့ဦးစွာ အခမ်းအနားကို ဂိုဏ်းဆိုင်ရာသံဃာတော်များနှင့် မြို့မကျောင်းကြီး ပစ္စည်းလေးပါး ဒါယကာ၊ ဒါယိကာမများက ``နမောတဿ´´ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြ၍ အခမ်းအနားမှူးအဖြစ် မောင်းမကံကျောင်း ဆရာတော်ဘဒ္ဒန္တဥက္ကံသက ဆောင်ရွက်တော်မူပြီး ယင်းဆရာတော်မှ မြို့မကျောင်းကြီးတွင် ဆရာတော်များ အဆက်ဆက်ကျောင်းထိုင်ခဲ့ပုံ သမိုင်းစဥ်များကို သြဝါဒကထာမြွက်​ကြားသည်။

 ထို့နောက် မြို့မကျောင်းကြီး ပစ္စည်းလေးပါးအဖွဲ့ဥက္ကဋ္ဌ ဦးမြဒင်မှ ကျောင်းထိုင်သံဃာတော်ကိစ္စနှင့် ပတ်သက်လို့ ဆရာတော်ကြီးများအား လျှောက်ထားသည်။

  ယင်းနောက် သိမ်ကုန်းကျောင်းဆရာတော်ဘဒ္ဒန္တတေဇဝန္တခအုန်းမော် ရွာမကျောင်းကြီး ဆရာတော် ဘဒ္ဒန္တကေသရနှင့်ပန်းဖဲကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒိမာတို့က သြဝါဒဂါထာမြွတ်ကြားကြပြီး အခမ်းအနားမှူးဆရာတော်မှ မြို့မ၊ ပေတပင်၊ မောင်တော(သုဓမ္မာ) ဂိုဏ်းဆိုင်ရာ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ ဆုံးဖြတ်ချက်အရ မြို့မကျောင်းကြီး ကျောင်းထိုင်ဆရာတော်အဖြစ် ကုန်းတန်းကျောင်း ဆရာတော် ဘဒ္ဒန္တစန္ဒ (မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ)အား ရွေးချယ်ကြောင်း ကြေညာခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတုသုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးဆုံးခဲ့သည်။

မာန်အောင်မြို့ မြို့မကျောင်းကြီးတွင် ဆရာတော်(၄)ပါး ကျောင်းထိုင်ခဲ့ပြီး ယခုကျောင်းထိုင်ဆရာတော်သည် (၅)ပါးမြောက် ကျောင်းထိုင် ဆရာတော်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)