စစ်တွေခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကမ္ဘာ့အလုပ်သမားနေ့ အသိပညာပေး Talk Show ဆောင်ရွက်

 

စစ်တွေ   ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Clubအဖွဲ့၀င် တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်(၁၀း၃၀)ချိန်က ကမ္ဘာ့အလုပ်သမားနေ့ (မေဒေးနေ့) အသိပညာပေးTalk Show ဆောင်ရွက်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ခင်ယုယုနွယ်က Talk Show ပြုလုပ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Clubအဖွဲ့၀င် စာရေးဆရာ၊ ကဗျာဆရာမောင်မိုးမှိုင်းက  အလုပ်သမားထုကြီး၏ အသက်သွေး၊ ချွေးများစွာကို ပေးဆပ်ပြီးမှ ဖြစ်ပေါ်လာသည့် တန်ဖိုးထားအပ်သော သမိုင်း၀င်နေ့ တစ်နေ့ဖြစ်ပါကြောင်း၊ ၁၈ရာစု၊ ၁၉ရာစုကြားမှာ စက်မှုတော်လှန်ရေးကြီးပြီးတော့ အမေရိကန်နဲ့ ဥရောပမှာ စက်ရုံအလုပ်ရုံကြီး ပေါ်ထွန်းလာပြီး အလုပ်ရှင်လူတန်းစားနှင့် အလုပ်သမား လူတန်းစားနှစ်ရပ် ပေါ်ထွက်လာပါကြောင်း၊ အလုပ်သမားများက မိမိရပိုင်ခွင့်များ တောင်းဆိုလာကြပြီး အသက်သွေးချွေးများ ရင်းကာ ဆန္ဒပြ တိုက်ပွဲ၀င်ခဲ့ကြပါကြောင်း စသဖြင့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေးနေ့) ဖြစ်ပေါ်လာပုံအကြောင်း အကျယ်တ၀င့် အသိပညာပေး ဆွေးနွေးခဲ့သည်။

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူ၀န်ဆောင်မှု အသိပညာပေးလုပ်ငန်းများ လစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

ဇူလိုင်ကြယ်