ဘူးသီးတောင်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး စတုတ္ထအကြိမ်နှင့်ပဉ္စမအကြိမ်ထိုးနှံပေး

ဘူးသီးတောင် ဧပြီ ၂၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်၉နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်ကျန်းမာရေးဌာနမှ တာဝန်ကျဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများကို စနစ်တကျဆောင်ရွက်ပေးပြီး တတိယအကြိမ်ထိုးနှံ ပြီးသူများအား စတုတ္ထအကြိမ်အဖြစ်လည်းကောင်း၊ စတုတ္ထအကြိမ်ထိုးနှံပြီးသူများအား ပဉ္စမအကြိမ်အဖြစ်လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်

အဆိုပါကာကွယ်ဆေးထိုးနှံနေမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းသိန်းတို့က ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှူးကာ ပြည်သူများအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး အိုမီခရွန်မျိုးကွဲသစ် (XBB.1.16 )သည် အာရှနိုင်ငံများ အပါအဝင်ကမ္ဘာ့နိုင်ငံများတွင် ပျံ့နှံ့နေကြောင်း၊ လာမည့်သီတင်းပတ်များအတွင်း ကူးစက်မှုပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ သတိပေးထားရှိပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့ချနိုင်ရေးအတွက် ထပ်ဆောင်း ကာကွယ်ဆေး (BoosterDose)ထိုးနှံရန်ကျန်ရှိနေသေးသည့် ပြည်သူများအနေဖြင့် ဆက်လက်ထိုးနှံနိုင်ကြရန်တို့ကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)