ပေါက်တော ဧပြီ ၂၅
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ပူပြင်းခြောက်သွေ့သော ရာသီဥတု ဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးနိုင်စေရေးအတွက် မီးဘေးဆိုင်ရာ ညွှန်ကြားချက်များအား ကျယ်ကျယ်ပြန့်ပြန့် သိရှိကာကွယ်နိုင်ရန် အသိပေးနှိုးဆော်ခြင်းအား ပေါက်တောမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မီးသတ်ယာဉ်ဖြင့်ပေါက်တောမြို့ရှိ မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်ပြီး လှည့်လည်အသိပေးနှိုးဆော်ကြသည်။
အဆိုပါ မီးဘေးအန္တရာယ် အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုဖြစ်သဖြင့် မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ၏ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူး စသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထားရှိရေး၊ နေအိမ်များတွင် လောင်စာဆီများ သိုလှောင်ခြင်းမပြုရန်၊ အိမ်တွင် တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊ ခြင်ဆေးခွေများအား ငြှိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန် စသည်တို့အား အသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)