မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်

မာန်အောင် ဧပြီ ၂၄

ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျ သုံးစွဲရေး အသိပညာပေးနှိုးဆော်ခြင်းကို  ယနေ့ ညနေ ၅ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

​ထိုသို့ နှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးကျော်စိုးမိုး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများအား နွေရာသီအပူချိန် အလွန်ပူပြင်းလာသဖြင့် မီးဘေးအန္တရာယ် မကျရောက်စေရန် လျှပ်စစ်မီး၊  လျှပ်စစ်မီးဖို၊ ထင်းမီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေမီးများအား  ညအိပ်ချိန်တွင် သတိထား၍  စနစ်တကျ ငြှိမ်း သတ်ထားရန်၊ ဟောင်းနွမ်းဆွေးမြေ့နေသော လျှပ်စစ်ဝါယာကြိုးများကို အသစ်လဲလှယ်တပ်ဆင်အသုံးပြုရန်၊ နေအိမ်များ၊ ရုံးအဆောက်အဦးများတွင် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ဆောင်ရွက်ထားရှိရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျ ရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံး ဆက်သွယ်အကြောင်းကြားရန်စသည့် အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

မာန်အောင်မြို့နယ် မီးသတ်ဦးစီးဌာန အနေဖြင့် မီးဘေးအန္တရာယ် မကျရောက်စေရန် ပြည်သူများအား အသိပညာပေး နှိုးဆော်ခြင်းများကို အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထိန်လင်းထံမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)