နိုင်ငံတော်ဝန်ကြီးချုပ်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

စစ်တွေ ဧပြီ ၂၀

နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ရခိုင်ပြည်နယ် ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁)တွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်သူဇော်က နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့သည့် ခရီးစဉ်များအတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မှာကြားချက်များနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူရေးကိစ္စများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်အစိုးရဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်ဝန် ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။

တင်ပြချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ် ဖေဖော်ဝါရီနှင့် မတ်လများအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိခဲ့ကြောင်း ခရီးစဉ်များအတွင်း ရခိုင်ပြည်နယ်ဖွံ့ဖြိုတိုးတက်ရေးနှင့် ပတ်သက်၍ ကဏ္ဍအလိုက်လမ်းညွှန်မှာကြားချက်များကို အသေးစိတ်မှာကြားခဲ့ပါကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်(၂) ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက အလေးအနက်ထားလိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်ကမ်းများနှင့်အညီ လိုက်နာနေထိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသည့် ရှေ့လုပ်ငန်း စဉ်များ ဦးတည်ချက်များနှင့်အညီ တိုင်းပြည်အတွက် ဒေသအတွက် အကျိုးပြုနိုင်အောင် အကောင် အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊  စိုက်မျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  အရင်းအမြစ်ကောင်းများ ပေါ်ထွန်းလာစေရေး အလေးထားဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)အညီ လိုက်နာဆောင်ရွက်ပြီး နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး၊ အဂတိလိုက်စားမှုများ မရှိစေရေး၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ပြီး နိုင်ငံတော်အတွက် ဒေသအတွက် အမှန်တကယ် အကျိုးရှိစေရေး၊ စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)