မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊ လေးမျက်နှာ ဘုရားပွဲကျင်းပ နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး  ဧပြီ  ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ (၉၅) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ်၊လေးမျက်နှာ ဘုရားပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် နယ်မြေခံတပ်မမှူးက အဖွင့်အမှာစကားပြောကြားရာတွင် သျှစ်သောင်းပွဲကို ယခင်နှစ်ထက် ပိုမိုစည်စည်ကားကားဖြစ်အောင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဂေါပကအဖွဲ့ဝင်များမှ ပူးပေါင်းလုပ်ဆောင်ကြရန်၊ သျှစ်သောင်းဘုရားသည် ယူနစ်စကိုဝင်ရန် လုပ်ဆောင်ကြသောအချိန်ဖြစ်၍ ဘုရားပွဲကျရာနေရာရှိ အမှိုက်များ စည်းကမ်းမဲ့ မပစ်ကြစေရန် ဗီနိုင်းဆိုင်းဘုတ်များထောင်၍ အမှိုက်ကို စနစ်တကျပစ်နိုင်ရန် အမှိုက်ပုံးများ ပွဲကျင်းပသော နေရာများတွင် အမှိုက်ပုံးများချထားရန်နှင့် ဘုရားပွဲအတွင်း အရက်သေစာများ မရောင်းကြရန် ဈေးသည်များကို ကြိုတင်ပြောကြားရန်၊ ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲ ကျင်းပချိန်တွင် ပြင်ပဧည်သည်များ အားပေးနိုင်ရန်အတွက် မဏ္ဍပ်များ ဆောက်လုပ်ရန်စသော အကြောင်း အရာများကို ပြေားကြားခဲ့သည်။

ထို့နောက် ဘုရားပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းအရေးမှူးမှ ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများတွင် ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ ရခိုင်ရိုးရာကျင်ပွဲကျင်းပအရေး ကော်မတီ၊ ရခိုင်ရိုးရာ ပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဘောလုံးပွဲကျင်းပရေး ကော်မတီစသော ဆပ်ကော်မတီများဖွဲ့စည်းပြီး ဖြစ်ကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြား ခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပြောကြားရာတွင် ပွဲတော်ကျင်းပနိုင်ရေး ဆပ်ကော် မတီများတွင် ဌာနဆိုင်ရာ ခရိုင်/မြို့နယ်များမှ ဆပ်ကော်မတီအလိုက် လိုအပ်သည်များကို ကြီးကြပ် နိုင်ရန်အတွက် ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ နယ်မြေခံတပ်မမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆပ်ကော်မတီဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ မြောက်ဦးလူငယ်များ အစည်းအရုံးမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဘုရားပွဲကျင်းပရေးဦးစီးကော်မတီဝင်များနှင့် ဂေါပကအဖွဲ့ဝင်များ၏ ပြောကြားချက်များအပေါ် နယ်မြေခံတပ်မမှူးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)