လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌  Book Club အဖွဲ့ဝင်များဖြင့် 

လိပ်သို   ဧပြီ   ၂၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club) အဖွဲ့ဝင်များ နှင့်ပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် “နှလုံးသားကိုဖြူစင်အောင်ထားပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က  စာပေလေ့လာဖတ်ရှုခြင်းဖြင့် ဗဟုသုတကြွယ်ဝနိုင်ကြောင်းနှင့် လူငယ်များ အနေဖြင့် စာဖတ်ခြင်းမှရရှိသည့်  အသိပညာဗဟုသုတများကို  သိရှိစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲ  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်၏အမှာစာများကို ဦးစွာရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာ ကျော်ကျော်လှိုင် ရေးသားသည့် နှလုံးသားကို ဖြူစင်အောင်ထားပါ စာအုပ်အား (Book Club) အဖွဲ့ဝင် စောဇေယျာဦးက “သင့်ဘဝသည် သင့်ယုံကြည်ချက်၏ ပုံရိပ်ဖြစ်သည်” ခေါင်းစဉ်အောက်မှ ကမ္ဘာလောကကြီးနှင့်ပတ်သက်၍ ယုံကြည်ချက် အတွေးအခေါ်များကို ပြောင်းနိုင်ပါက ဘဝလည်း ပြောင်းလဲလာနိုင်ပုံ၊ လူတစ်ယောက်၏ စိတ်ဓာတ်သည် အရေးကြီးပုံ၊ စိတ်ဓာတ်ကျနေချိန်တွင် ဘဝကို တိုးတက်အောင်လုပ်ဖို့ မလွယ်ပုံ၊ အခက်အခဲများကို ဖြေရှင်းသည့်အခါတိုင်း လူ့သဘောသဘာဝများကို သိမြင်လာပုံ အစရှိသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့်အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါ စာရေးဆရာကျော်ကျော်လှိုင်၏ “နှလုံးသားကို ဖြူစင်အောင်ထားပါ” စာအုပ်တွင် ဘဝ၏အဓိပ္ပာယ်ရှာဖွေလိုသူများအတွက် ဘဝသင်ခန်းစာတွေက မကုန်နိုင်ပုံ၊ အရေးကြီးဆုံးကတော့ ဘဝမှာ မိမိစိတ်ဝင်စားတာ မိမိဝါသနာပါတာ၊ မိမိကြိုက်တာကိုလုပ်ရမှ ပျော်ရွှင်မှုရရှိနိုင်ပုံတို့ကို အသိပညာဗဟုသုတ အနေဖြင့် ဖတ်ရှုခွင့်ရရှိမည်ဖြစ်ပါသည်။

ခင်လေးနွယ် (လိပ်သို)