မိုင်းခုတ် ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇင်မီမီထွန်းက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး “လူငယ်နဲ့ရည်မှန်းချက်” ခေါင်းစဉ်ဖြင့် လူငယ်ဘဝ ပညာသင်စ အရွယ်မှစပြီး မိမိဝါသနာ၊ ဗီဇစရိုက်နှင့် ကိုက်ညီသော ရည်မှန်းချက်ထားရှိရန်၊ ထိုရည်မှန်းချက်ကိုလည်း ရရှိပိုင်ဆိုင်နိုင်ရေး ကြိုးစားကြရန်၊ မေ့မေ့ လျော့လျော့ ပေါ့ပေါ့ဆဆဖြင့် အပျော်နောက်ကိုချည်းမလိုက်ရန်၊ လူငယ်ဘဝ၏ တန်ဖိုးရှိသည့်အချိန်ကို အလဟသမဖြစ်စေပဲ ကြိုးစားကြရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေသည့် စာအုပ်၊ စာစောင်များအား လေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများအကြောင်းကို အကျယ်တဝင့်ဆွေးနွေး ဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာ အသိပညာပေးစာအုပ်၊ စာစောင်များ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့်ဆိုးကျိုး အန္တရာယ်များ၊ သုံးစွဲရခြင်း အကြောင်းအရင်းများ၊ အရေးယူအပြစ် ပေးနိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သများပပျောက်ရေး အသိပညာပေး အကြောင်းအရာများပါဝင်သည့် နံရံကပ်စာစောင်များအား တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဇင်မီမီထွန်း(ပြန်/ဆက်)