ကျောက်ဖြူ ဧပြီ ၂၀
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ကျောက်ဖြူဘိုးဘွားရိပ်သာရှိ အဘိုး၊အဖွားများအတွက် လစဉ်အလှူငွေများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် ဘိုးဘွားရိပ်သာ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကျောက်ဖြူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်က ကျောက်ဖြူဘိုးဘွားရိပ်သာတွင် နေထိုင်လျက်ရှိသည့် အဘိုး၊အဘွားများ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအား အဆင်ပြေစေရန်အတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်း၍ ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ယခုလိုမျိုးထောက်ပံ့ခြင်းကို လစဉ်ပုံမှန်ထောက်ပံ့ပေးအပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း စသည့် အလှူငွေများ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ် ငါးသိန်းနှစ်သောင်းနှစ်ထောင့်ငါးရာ ကျပ်တိတိကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင် အဖွဲ့ခေါင်းဆောင် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အုန်းထံသို့ ပေးအပ်လှူဒါန်းရာ အဆိုပါ ဘိုးဘွားရိပ်သာ အကျိုးတော်ဆောင် အဖွဲ့ဝင်များမှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါ ကျောက်ဖြူဘိုးဘွားရိပ်သာတွင် အဘိုး(၆)ဦး၊ အဖွား(၂၁)ဦး၊ စုစုပေါင်း အဘိုး၊အဖွား (၂၇)တို့ နေထိုင်လျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)