မောင်တော ဧပြီ ၁၉
ရခိုင်ပြည်နယ် မောင်တောမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင်(၄၅)ကြိမ်မြောက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်ယွန်း၍ ဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးက ဂါရဝမင်္ဂလာစကားပြောကြားခဲ့သည်။ ထို့နောက်သက်ကြီးပူဇော်ပွဲကျင်းပရေး ဦးစီးကော်မတီ ဉက္ကဋ္ဌ ဦးဦးခင်မောင်က ဂါဝရစကားနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပခဲ့ပုံ အဆင့်ဆင့်တို့အား ရှင်းလင်းပြောကြားပြီး သက်ကြီးဘိုးဘွားများအား ကန့်တောချိုးရွက်ဆို၍ လက်အုပ်ချီ ကန့်တော့ခဲ့ကြရာ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ ဆုတောင်းမေတ္တာပို့သပေးခဲ့ကြသည်။ ဆက်လက်၍ သက်ကြီးဘိုးဘွားများအား လှူဖွယ်ဝတ္တူများဖြင့် ပူဇော်ကန့်တော့ခဲ့ကြပြီး မြို့ပေါ်ရပ်ကွက်များမှ ကောက်ခံရရှိငွေ ၊ ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ လှူဒါန်းငွေ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လှူဒါန်းငွေနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပရေး ဦးစီးကော်မတီတို့မှ ကောက်ခံရရှိငွေ (၇၃၄၃၁၀၀) ကျပ်ကောက်ခံရရှိပြီး ကော်မတီမှ အဘိုး၊ အဘွားတစ်ဦးလျှင် လှူဒါန်းငွေ ကန်တော့ငွေ(၈၀၀၀၀) နှုန်းဖြင့် သက်ကြီးဘိုးဘွား(၁၁၂)ဦးအတွက် ငွေကျပ် (၈၉၆၀၀၀၀)ကျပ်အား ပူဇော်ကန်တော့ခဲ့ကြသည်။ ထို့အပြင် သက်ကြီးပူဇော်ပွဲ အကြိမ် (၅၀)ကြိမ်မြောက်ထိ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် ဇနီးဒေါ်ခင်စန္ဒာဝင်းမိသားစုတို့မှ တစ်နှစ်လျှင် ငွေကျပ်တစ်သိန်း ကျပ်နှုန်းဖြင့် ၅ နှစ်စာ ငွေကျပ် ငါးသိန်းကျပ်အား သက်ကြီးပူဇော်ပွဲကျင်းပရေးဦးစီး ကော်မတီထံသို့ လှူဒါန်းခဲ့ကြသည်။ အဆိုပါ ပူဇော်ပွဲသို့ အပူဇော်ခံ အဘိုး၊ အဘွား(၆၆)ဦး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဉက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းနှင့် တာဝန်ရှိသူများ၊ မြို့သူ/သားများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး လူမှုရေးအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို တက်ရောက်သည့် ပူဇော်ခံသက်ကြီးများအနက် အသက် အကြီးဆုံး အဘိုးမှာ ဦးမောင်ဖြူသီး အသက်(၁၀၁)နှစ် ရွာသာယာကျေးရွာနေသူနှင့် အသက်အကြီးဆုံး အဘွားမှာ ဒေါ်လှစိန် အသက်(၉၈)နှစ်၊ မကျည်းကုန်ကျေးရွာနေသူဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအားကော်မတီမှ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ကန့်တော့သွားမည်ဖြစ်ကြောင်း သက်ကြီးပူဇော်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)