ပေါက်တော ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၌ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှ ကြီးမှူး၍ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့ညနေ (၃)နာရီအချိန်က နာရေးကူညီမှုအသင်းရုံး ခြံဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ အပူဇော်ခံ သက်ကြီးအဘိုး/အဘွားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေး အသင်းအဖွဲ့များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့ဖိ မြို့ဖများနှင့် မြို့ပေါ်ရပ်ကွက် အသီးသီးတို့မှ စေတနာရှင် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရွှေဘော်သူမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးလှရွှေမှ ကျေးဇူးတင်စကား ပြောကြားခြင်း၊ မြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးစောလှမောင်မှ သက်ကြီးပူဇော်ပွဲဖြစ်ပေါ်လာရခြင်းနှင့် ရှင်းလင်းပြောကြားပြီးနောက် မြို့ပေါ်(၅)ရပ်ကွက်မှ အဘိုး/အဘွားတို့အား စေတနာရှင်များမှ လှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် လှူဒါန်းကန်တော့ကြပြီးနောက်၊ မတက်ရောက်နိုင်သော အဘိုး/အဘွားများအတွက်လည်း အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ပေါက်တောမြို့တွင် အသက်(၁၀၀)နှစ် အဘွားတစ်ဦးကို အလှူငွေကျပ် ၇၀၀၀၀/-၊ အသက်(၉၁)နှစ်မှ (၉၉)နှစ်အထိ အဘိုး/ အဘွား (၁၀)ဦး တို့ကို အလှူငွေကျပ် ၆၀၀၀၀/- နှင့် အသက်(၈၅)နှစ်မှ (၉၉)နှစ်အထိအဘိုး/အဘွား (၄၈)ဦးတို့ကို အလှူငွေကျပ် ၅၀၀၀၀/-စုစုပေါင်း (၅၉)ဦးတို့ကို အလှူငွေနှင့်အတူ လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ တက်ရောက်လာကြသော သက်ကြီးဘိုးဘွားများထဲမှ ကံထူးရှင်(၃)ဦးကို ရွေးချယ်လျက် တစ်ဦးလျှင် အလှူငွေကျပ် ၃၀၀၀၀-/စီကို ထပ်မံလှူဒါန်း ခဲ့ကြပြီးနောက် ကန်တော့ချိုးရွတ်ဆို၍ ကန်တော့ခဲ့ကြသည်။ တက်ရောက်ကြသည့် အပူဇော်ခံ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာ ပို့သခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)