မြောက်ဦးမြို့၌ ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ် ရခိုင့်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပ

မြောက်ဦး ဧပြီ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် အလိုတော်ပြည့်ဘုန်း တော်ကြီး ကျောင်းတိုက်အတွင်းရှိ အောင်ဗောဓီဓမ္မရိပ်သာ၌ ရခိုင့်ရိုးရာအစဉ်အလာအတိုင်းနှစ်စဉ် ပြုလုပ်ကျင်းပသော ပဉ္စမအကြိမ်မြောက် မြို့လုံးကျွတ်ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို ဧပြီလ ၁၇ ရက်နေ့က ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မြို့လုံးကျွတ်ရခိုင့်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ် ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများ၊ နှင့်အပူဇော်ခံ သက်ကြီးရွယ်အိုများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို နမောတဿသုံးကြိမ်သံပြိုင်ရွတ်ဆိုပြီးအခမ်းအနားကို ဖွင့်လှစ်၍ မင်္ဂလာ ပိုဒ်စုံရတု သီဆိုပြီး တက်ရောက်လာသော အပူဇော်ခံသက်ကြီး အဘိုး/အဘွားများအား ဂုဏ်ပြုပူဇော်ကြသည်။ ဆက်လက်၍ သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတအဖွဲ့ဝင်တစ်ဦးမှ ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးအတွက်ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့သည်။ သက်ကြီးပူဇော်ပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်မှ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ရွယ်အို အဘိုး/အဘွား (၁၉၀) ဦး အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များမှလှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် မတက်ရောက်နိုင်သော သက်ကြီးအဘိုး/အဘွားများအတွက်လည်း အိမ်တိုင်ရာရောက်သွားရောက် ကန်တော့လှူ ဒါန်းပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့ပေါ်တွင်လည်း နှစ်ဆန်းတစ်ရက်နေ့၌ မိဘပြည်သူများမှ ဘုရား၊ ကျောင်းကန်များသို့ သွားရောက်ပြီး ကုသိုလ်ဒါနပြုလုပ်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ စတုဒိသာကျွေးမွေးခြင်းနှင့် ရှေးဟောင်း ဘုရား၊ ပုထိုးစေတီများတွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရောက်ကြသူများမှ ကုသိုလ်ဒါနလှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)