မအီမြို့၌ နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

မအီ  ဧပြီ  ၁၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဆုံလမ်းခွ နေရာများတွင် နှစ်သစ်ကူးမင်္ဂလာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ပွဲကို ယနေ့ ညနေ(၇း၃၀)အချိန်က ကျင်းပပူဇော်ခဲ့ကြောင်း သိရသည်။ ကုသိုလ်ယူ တရားနာလာရောက်သူ မြို့သူမြို့သားများဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

ထိုသို့ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ခြင်းကို မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ မြို့ပေါ်ရပ်ကွက် များအတွင်း လမ်းဆုံလမ်းခွများ၌ စုရပ်များထားရှိပြီး ရပ်ကွက်(၁)ခုလျင် သံဃာတော်(၅)ပါးဖြင့် နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားတော်များကို ရပ်ကွက်စုရပ်များအလိုက်  ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နှစ်သစ်ကူးအန္တရာယ် ကင်းပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ်ပူဇော်ပွဲကို အောင်မြင်စွာဖြစ်မြောက်စေရေးအတွက် ဆရာတော်သံဃာတော်များ၏ လှူဖွယ်ဝတ္ထုများ၊ နဝကမ္မအလှူငွေများနှင့် ကြွရောက်လာကြသည့် တရားနာပရိတ်သတ်တို့အား အအေးတိုက် ကျွေးခြင်းများကို မြို့ပေါ်ရပ်ကွက်များအတွင်းမှ စေတနာရှင် အလှူရှင်များကလည်းကောင်း၊ တစ်ဦးချင်းအလိုက် (သို့မဟုတ်) မိသားစုအလိုက် စေတနာရှင် အလှူရှင်များကလည်းကောင်း အသီးသီးကပ်လှူပူဇော် တိုက်ကျွေးဆောင်ရွက်ခဲ့ကြပြီး အဆိုပါ တရားပွဲများ၌ ကုသိုလ်ယူ တရားနာလာရောက်သူ မြို့သူမြို့သားများနှင့် ဝေယျာဝစ္စ ကိစ္စအရပ်ရပ်တို့အား ကူညီဆောင်ရွက် ပေးကြသည့် ပရဟိတလူငယ်မောင်မယ်များဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)