တောင်ကုတ် ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီအချိန်က အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ ယိမ်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် အ.ထ.က(၁)မှရွှေအဉ္စလီယိမ်းအဖွဲ့၊ ဒုတိယဆုရရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နွေဦးပျိုမေယိမ်းအဖွဲ့၊ တတိယဆုရရှိသည့် အ.ထ.က(၃)မှ ရွှေနဒီယိမ်းအဖွဲ့နှင့် နှစ်သိမ့်ဆုရရှိသည့် ယိမ်းအဖွဲ့များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်မြင့်လှိုင်နှင့် တာဝန်ရှိသူများကလည်းကောင်း၊ နံ့သာသွေးပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ ဒုတိယဆုရရှိသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်း၊ တတိယဆုရရှိသည့် ကံပိုင်ရပ်ကွက်အသင်းနှင့်နှစ်သိမ့်ဆုရရှိသည့် အသင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇာနည်တိုးနှင့် တာဝန်ရှိသူများကလည်းကောင်း ဆုများချီးမြှင့်ပေးကြသည်။
ထို့နောက် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကိုကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ဗဟိုမဏ္ဍပ်ပိတ်သိမ်းကြောင်း ကြေညာကာ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များက မန်းတော်ရိပ်ခိုတေးသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေ၍ အခမ်းအနားကိုပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်