မအီမြို့၌ မဟာသင်္ကြန်အကျနေ့ အတာသင်္ကြန်ရေသဘင်ပွဲ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိ

မအီ ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊  မအီမြို့တွင် မဟာသင်္ကြန်အကျနေ့တွင် မအီမြို့ အ.ထ.ကရှေ့ မြို့မဗဟိုမဏ္ဍပ်နှင့် မအီနယ်မြေရဲစခန်းမိသားစုမှ ကြီးမှူးဖွင့်လှစ်သည့် “မေတ္တာရိပ်” ရေကစားမဏ္ဍပ်တို့၌ ကပြသီဆိုဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက် ရှိကြောင်း သိရသည်။

အဆိုပါမြို့မဗဟိုမဏ္ဍပ်သို့ မအီမြို့၊ ခေတ္တ မြို့အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မအီနယ်မြေရဲစခန်းမှူး ရဲအုပ်ချစ်ထွန်းနှင့် မအီမြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ လူငယ်မောင်မယ်များက အေးချမ်းပျော်ရွှင်စွာ အတာသင်္ကြန်ရေပက်ဖျန်းရေကစားခဲ့ကြပြီး သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့တို့တွင်လည်း ဤသို့ယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စတုဒီသာများကျွေးမွေးခြင်း အေးချမ်းပျော်ရွှင်စွာ ရေကစားခြင်း၊ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်/ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးမွေးသူများဖြင့် စည်ကားများပြားလျက်ရှိပြီး မြို့မဗဟိုမဏ္ဍပ်၌ “မဟီရာနဒီ” တီးဝိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခြင်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဗဟိုမဏ္ဍပ်ဖြစ်မြောက်ရေးကော်မတီက သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)