စစ်တွေ ဧပြီ ၁၄
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်မှ လေးဝတီရေကစားမဏ္ဍပ်နှင့် စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာ သင်္ကြန်ဖျော်ရေးမဏ္ဍပ်ဖွင့်ပွဲများသို့ တက်ရောက်ကြကာ ရေကစားမဏ္ဍပ် များသို့ လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်ပြီး သင်္ကြန်မဏ္ဍပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ယိမ်းအကအဖွဲ့များက မြနန္ဒာသီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက အတာရေများဖြင့်ပက်ဖြန်းကြသည်။ ယင်းနောက် နိုင်ငံကျော်အဆိုတော်များ၊ တေးသံရှင်များနှင့် ယိမ်းအကအဖွဲ့များ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တိုင်းမှူးနှင့်ဇနီးတို့က ကပြဖျော်ဖြေကြသော ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်တွေတပ်နယ်ရှိလေးဝတီရေကစားမဏ္ဍပ်သို့ သွားရောက်ကြပြီး ယိမ်းအကအဖွဲ့များနှင့် နိုင်ငံကျော်အဆိုတော်များကပြဖျော်ဖြေ သီဆိုနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယိမ်းအကအဖွဲ့များနှင့် သင်္ကြန်ပွဲတော်ကို လာရောက်ပါဝင် ဆင်နွှဲကြသူများအား အတာရေဖြင့် ပက်ဖျန်းပေးကြပြီး လေးဝတီရေကစားမဏ္ဍပ်အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မိဇံရပ်ကွက်၊ ကမ်းနားလမ်း၌ ကျင်းပသော (၉)ကြိမ်မြောက်၊ စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသ င်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး စစ်တွေမြို့လုံးကျွတ်ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ဖျော်ဖြေရေးမဏ္ဍပ်အား ရခိုင်မင်္ဂလာ စည်တော်ယွမ်းကာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ တိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းနှင့် ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ဦးကိုလေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ရခိုင်မင်္ဂလာစည်တော်ဝိုင်းမှ ဦးလှဝင်းက ရခိုင့်မူဟန်၊ ရေသင်္ကြန် ဧကပိုဒ်ရတုဖြင့် သီဆိုဖျော်ဖြေသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပြီး ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ပွဲတော်ကျင်းပ ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့လုံး ကျွတ် ရခိုင်ရိုးရာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီသို့ ထောက်ပံ့ငွေ ကျပ်သိန်း (၂၅၀)အား ပြည်နယ် ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ပြီး အလှူရှင်များက ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီနှင့် ယိမ်းအကအဖွဲ့များသို့ ထောက်ပံ့ငွေနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများသည် ပန်းမြတ်သဇင်ရခိုင်ရိုးရာ ရီလောင်းမဏ္ဍပ်မှ မဏ္ဍပ်ရှင်မများနှင့်အတူ ရခိုင်ရိုးရာအစဉ်အလာမပျက် လောင်းလှေများဖြင့် ရေပက်ကစားကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ပြည်သူများ သင်္ကြန်အကျနေ့၌ အေးချမ်းပျော်ရွှင်စွာ ရေကစားနေမှုအား မော်တော်ယာဉ်များဖြင့်လှည့်လည် ကြည့်ရှုအားပေးခဲ့ကြ ကြောင်းသိရသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်မဏ္ဍပ်နှင့် ဦးဥတ္တမပန်းခြံရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့ သွားရောက်ပြီး ယိမ်းအကအဖွဲ့များ၊ နိုင်ငံကျော်အဆိုတော်များ၏ ကပြသီဆိုဖျော်ဖြေမှုများကို သွားရောက် ကြည့်ရှုအားပေးကြသည်။
သင်္ကြန်အကျနေ့တွင် စစ်တွေမြို့ပေါ်ရှိဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်ရေ ကစားမဏ္ဍပ်နှင့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များတွင် နိုင်ငံကျော်အဆိုတော်များ၊ ရခိုင်အဆိုတော်များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များမှ ကပြသီဆိုဖျော်ဖြေလျက်ရှိ ရာရေကစားသူများ၊ ကားများဖြင့်ရေပက်ခံထွက်သူများဖြင့် အထူးစည်ကား လျက် ရှိကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)