ကျောက်ဖြူ ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ သို့ ကူးပြောင်းသည့် နှစ်သစ်ကူး မဟာအတာသင်္ကြန် ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျောက်ဖြူမြို့၊ အစိုးရပ်ကွက်၊ ဗျူးပွုင့်အနီးရှိ အဆိုပါမဏ္ဍပ်၌ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီး နေထွန်းလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးတင်ရွှေ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသန်းဇော် တို့မှ တက်ရောက်အားပေးချီးမြှင့်ပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲအခမ်းအနားကို ရခိုင့်မင်္ဂလာစည်တော်အဖွဲ့နှင့်အတူ ရခိုင်ရတုတေးအား ရွှေတံဆိပ် ဆုရှင် ဦးဇော်နေညွှန့်မှ သီဆိုဖွင့်လှစ်ပေးပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်မှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ထို့နောက် မန်းတောင်ရိပ်ခိုသီချင်းအား ရခိုင်အဆိုတော် မင်းသာကီမှ သီဆို၍ ဉယျာဉ်မှူး ယိမ်းအဖွဲ့၊ ပွင့်သစ်စယိမ်းအဖွဲ့၊ ပန်းပျိုဖြူယိမ်းအဖွဲ့၊ ငလပွေ့ယိမ်းအဖွဲ့၊ မြို့ဦးကျောက်ဖြူ ဒို့တောသူ ယိမ်းအဖွဲ့နှင့် အိမ်မက်စေတမန်ယိမ်းအဖွဲ့တို့မှ သမီးပျိုလေးများက အဆိုပါသီချင်းဖြင့် တွဲဖက်ကပြဖျော်ဖြေကြသည်။
ဆက်လက်၍ ရခိုင်အဆိုတော်များဖြစ်ကြသည့် မင်းသာကီ၊ ကိုရဲရင့်၊ ဆုလင်းထက်၊ အေးသိင်္ဂီဟေမာနှင့် မေဇူးစံတို့မှ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွခေတ် ပေါ်တေး သီချင်းများ၊ ရခိုင်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေပေးကြရာ ကြည့်ရှုသူ ပရိတ်သတ်များမှ တခဲနက် ပျော်ရွှင်စွာ ဖြင့်အားပေးခဲ့ကြသည်။
ကျောက်ဖြူမြို့၌ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်တွင် မဟာသင်္ကြန်ကာလအတွင်း ရခိုင် အဆိုတော် တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များက ခေတ်ပေါ်တေးဂီတများ၊ ယိမ်းအက များဖြင့် စည်ကားသိုက်မြိုက်စွာ ကပြဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး သင်္ကြန်ချစ်သူများနှင့် ရေကစားကြသူ များကို အဆိုပါမဏ္ဍပ်ရှေ့၌ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)