ကျော်တော်မြို့၌ ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပ

ကျောက်တော်  ဧပြီ ၁၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌  ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကို ယမန်နေ့ညနေ(၇)နာရီက မြို့နယ်သာသနာ့ဗိမာန်နော်ကြီးအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပွဲတော်ကျင်းပရေးကော်မတီဉက္ကဋ္ဌမှ  ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ပြောကြားခဲ့ပြီး  ပြိုင်ပွဲအကဲဖြတ်ဒိုင်လူကြီးတစ်ဦးမှ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက်ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲကိုကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းမှ တစ်ဖွဲ့ချင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီးများက အကဲဖြတ်အမှတ်ပေးကြသည်။ ဆက်လက်၍ ရခိုင်ရိုးရာသင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေပေးကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများတက်ရောက် ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နံ့သာသွေးပြိုင်ဝင်အသင်း တစ်သင်းလျှင်ပြိုင်ပွဲဝင်(၅)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး ဝတ်စားဆင်ယင်မှုနှင့်သပ်ရပ်မှု၊ အသင်းအဖွဲ့၏ လှုပ်ရှားမှု၊ ညီညာမှု၊ သပ်ရပ်မှု ၊ နံ့သာသွေးရာတွင် သန့်ရှင်းသပ်ရပ်မှု၊ စည်းစနစ်ကျမှု၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ ဟန်ပန်အမှုအရာစသည်ဖြင့် အမှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ရခိုင်ရိုးရာနံသာသွေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆုစသည့် ဆုများရရှိခဲ့သည့် အသင်းများအား ဆုအသီးသီး ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်မောင်ထွန်း