မြောက်ဦး ဧပြီ ၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အထင်ကရရှေးဟောင်းသမိုင်းဝင်ဘုရား၊ ပုထိုးစေတီများတွင် သင်္ကြန်ကာလရုံးပိတ်ရက်အတွင်း၌ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့်စစ်တွေမြို့စသော အနယ်နယ်အရပ်ရပ်မှပြည်တွင်း ဘုရားဖူးလာရောက်ကြသူများ ယမန်နေ့ နံနက်ပိုင်းမှစ၍ စည်ကားလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြောက်ဦးရှေးဟောင်းယာဉ်ကျေးမှုဒေသသို့ ဘုရားဖူးလာရောက်ကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများအနေ ဖြင့် အထင်ကရရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုးစေတီများဖြစ်သော သျှစ်သောင်းပုထိုးတော်ကြီး အတွင်းရှိကျောက်နံရံများတွင် ကျောက်ဖြင့် ထုဆစ်ပုံဖော်ထားသော ငါးရာငါးဆယ်ဇာတ်တော်များအား လှည့်လည်ကြည့်ရှုခြင်း၊ ထုက္ကန့်သိမ်ပုထိုးကြီး အတွင်းရှိ ဘောင်းတော်ဝတ်စားဆင်ယင်မှုနှင့်ဆံထုံးတော်ထုံးဖွဲ့ပုံအဆင့်ဆင့် ကျောက်ဆစ်လက် ရာများအား လေ့လာကြည့်ရှုခြင်း၊ ကိုးသောင်းပုထိုးတော်ကြီး၊ မာရ်ငါးပါးဖြစ်သော ရတနာ့မာရ် အောင်၊ သက္ကျမာရ်၊ ဇိနမာရ်အောင်၊ လောကမာရ်အောင်နှင့်မင်္ဂလာ့မာရ်အောင်ဘုရားစေတီများသို့ အငှားမော်တော်ယာဉ်များဖြင့်သွားရောက်ဖူးမျှော်ကြပြီး ဘုရားဖူးလာရောက်ကြသော ရဟန်းရှင် လူပြည်သူများမှ ပန်း၊ ရေချမ်း အမွေးနံသာများထွန်းညှီပူဇော်ကြသည်။ ဆက်လက်၍ ရှေးဟောင်း သမိုင်းဝင်နေရာများဖြစ်သည့် လက်ဆည်ကန်၊ ဘုရားပေါ်ဘုရားနှင့် နန်းတော်ရာကုန်းဘေး၌ရှိသောရှေးဟောင်းသုတေသနအမျိုးသားပြတိုက်တွင် ရှေ့ခေတ်ကျောက်ဆစ်လက် ရာများ၊ ရခိုင်ကျောက်စာများ၊ ဘုရားဆင်းတုတော်များ စသော ရှေးခေတ်ယဉ်ကျေးမှုအမွေအနှစ်များစွာရှိ၍ မြန်မာနိုင်ငံတွင်နေထိုင်ကြသောတိုင်းရင်းသားညီကိုမောင်နှမများကို လာရောက် ဖူးမျှော်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
မြင့်စိုး(ပြန်/ဆက်)