မြောက်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခို လှုံရာစခန်းများသို့ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မြောက်ဦး  ဧပြီ   ၆

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ မြောက်ဦးမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်းများသို့ သွားရောက်၍ အသိပညာဟောပြောခြင်း၊ စာအုပ်စာစောင် ငှားရမ်းခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကိုယနေ့ နေ့လယ် ၁ နာရီအချိန်က လက်ကောက် ဈေးရပ်ကွက် မြို့ဦးဂေါင်းကျောင်းတိုက် ယာယီခိုလှုံရာစခန်းသို့သွားရောက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ  အသိပညာဟောပြောခြင်း နှင့် Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်း ဦးဆောင်၍ ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းများရှိ ပြည်သူများကို လူငယ်များ ဖွံ့ဖြိုး တိုးတက် ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်းနှင့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး စသောအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်စသော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ပြည်သူ့စာကြည့်တိုက်သို့ မလာ ရောက်နိုင်သည့် ယာယီခိုလှုံရာစခန်းမှ ပြည်သူများ  စာအုပ်စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ ကြိုက်နှစ် သက်သည့် သုတ၊ရသ စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များ၊ စိုက်ပျိုးရေးနှင့် ပတ်သတ်သော ဒို့ကျေးရွာဂျာနယ်များတို့ကို လေ့လာဖတ်ရှုနိုင်ရန်အတွက် စာဖတ်ပရိသတ်များ၏ လက်ဝယ်အရောက် ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသမီးကော်မတီမှထုတ်ဝေသော ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေး လက်ကမ်းစာစောင်များကို ဟောပြောပွဲသို့ တက်ရောက်လာသော ယာယီခိုလှုံရာစခန်းမှ ပြည်သူများနှင့် ယာယီခိုလှုံရာစခန်းတွင်နေထိုင်သောပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး၊စိုးငြိမ်းနိုင်(ပြန်/ဆက်)