ကျောက်ဖြူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စာအောင်သံဃာတော်များအား အောင်လက်မှတ်ဆက်ကပ် လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ကျောက်ဖြူ ဧပြီ ၄

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၂ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ကျောက်ဖြူစာဖြေဌာနမှ ဝင်ရောက်ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်(၄၀)ပါးတို့အား စာအောင်လက် မှတ်ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီကျော်အချိန်က နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ သီရိသုခရတနာဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။ ထို့နောက် တက်ရောက်လာသူများမှ ကျောက်ဖြူမြို့၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တစက္ကိန္ဒာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်များမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်သည်။ ဆက်လက်၍ စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများအား တာဝန်ရှိသူများမှ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက စာအောင်သံဃာတော် အရှင်သူမြတ်များအား စာအောင်လက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ကျောက်ဖြူမြို့နယ်၊ သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဆာယာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ စန္ဒာဝရ အရှင်သူမြတ်မှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအနုမောဒနာတရားတော် ဟောကြားချီးမြှင့်ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွက်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)