မောင်တော ဧပြီ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ရုံးတို့တွင် ထိုးနှံပေးခဲ့ကြသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများမှ ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့်အသက် (၂) နှစ်အောက်ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့်ထိုးဆေး၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ်အသီးသီးတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ်တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိရာ ဧပြီ ၈ ရက်နေ့မှ ၂၃ ရက်နေ့ထိ သင်္ကြန်ကာလ ပိတ်ရက်များအတွင်း ထိုးနှံပေးမည်မဟုတ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်